ဖူဟမ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်တောင်ပံကစားသမား ပယ်မာဟာ အသင်းနဲ့အတူ စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖူဟမ်အသင်းနဲ့ပွဲစဉ် မှာ ပယ်မာက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဖူဟမ်အသင်းရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် ချယ်လ်ဆီးအသင်းက (၂)ဂိုး၊ (၁)ဂိုးနဲ့ပွဲအပြီးမှာ ရှုံးနိမ့်ခဲ့တာပါ။

ဖူဟမ်အသင်းကို ရှုံးနိမ့်ခဲ့ရပေမယ့် ပယ်မာဟာ ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ တစ်နှစ်အတွင်း ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ပယ်မာဟာ အခုနှစ်မှာ ပရီးမီယားလိဂ်သွင်းဂိုး (၂၆)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူး ဟက်ဆယ်ဘိန့်ခ်ရဲ့ (၂၀၀၁)ခုနှစ်မှာတင်ခဲ့တဲ့ တစ်နှစ်အတွင်း သွင်းဂိုး(၂၅)ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို စံချိန်သစ်တင်နိုင်ခဲ့တာက ပယ်မာနဲ့ထိုက်တန်သလို အချိန်အတော်ကြာရှိနေတဲ့ စံချိန်တစ်ခု ဖြစ်တာကြောင့်လည်း ပယ်မာလို ကစားသမားမျိုးကပဲ ချိုးဖျက်နိုင်မှာဖြစ်တယ်လို့ ဟက်ဆယ်ဘိန့်ခ်က ချီးကျူး သွားခဲ့ပါတယ်။ပြီးခဲ့တဲ့(၂၀၂၃)ခုနှစ်၊ ဩဂုတ်လမှာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ပယ်မာဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၆၅)ပွဲ ကစားထားရာမှာ ဂိုးပါဝင်ပတ်သက်မှု (၅၈)ကြိမ်အထိ ရှိခဲ့ပါတယ်။