မန်စီးတီးအသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ နည်းပြ ဂွါဒီယိုလာက ဝန်ခံသွား ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အခုရာသီအပါအဝင် ၁၄ နှစ်ဆက်တိုက် ဥရောပပြိုင်ပွဲဝင်ပြိုင်ခွင့် ရထားပြီး ဒါဟာ ၁၉၉၈ ကနေ ၂၀၁၇ အထိ ဝင်ခွင့်ရခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ၁၉၉၆ ကနေ ၂၀၁၄ အထိ ဝင်ပြိုင်ခွင့်ရခဲ့တဲ့ မန်ယူ အသင်းတို့ပြီးရင် အင်္ဂလန်ကလပ်အသင်းတစ်သင်းအနေနဲ့ အရှည်ကြာဆုံး ဝင်ပြိုင်နိုင်မှု ဖြစ်ခဲ့တာပါ။

ပရီးမီးယား လိဂ်ချန်ပီယံဆုကို ၄ နှစ်ဆက်ရထားတဲ့ မန်စီးတီးအသင်းဟာ အခုရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီး ၁၇ ပွဲကစားပြီးချိန် အဆင့်-၇ နေရာကို ရောက်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အဆင့်- ၄ နေရာက နော်တင်ဟမ်အသင်းနဲ့ ၄ မှတ်သာ ကွာဟနေတာဖြစ်ပေမယ့် နည်းပြဂွါဒီယိုလာကတော့ ဒီအခြေအနေအတိုင်း ဆက်သွားနေမယ်ဆိုရင် ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီဇင်ဘာ ၂၆ ရက် ညမှာ ဘောက်ဆင်ဒေးပွဲအဖြစ် အဲဗာတန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားပြီးရင် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ လက်စတာအသင်းအိမ်ကွင်းကို သွားရောက်ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။