ဇန်နဝါရီလ(၆)ရက်နေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းက ဝုဗ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံပြေးလမ်းကြောင်းပေါ် ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်း ဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်ကို အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် အသာစီးကစားနိုင်ခဲ့သလို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ပါ။

အခုဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ နော်တင်ဟမ်အသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်က နော်တင်ဟမ်အသင်းအတွက် (၁၉၆၇)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့သလို ရာသီကုန်မှာ ဥရောပ ဝင်ခွင့်ရဖို့အတွက်လည်း နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နော်တင်ဟမ်အသင်းအတွက် ဂိုးတွေကို ပွဲချိန်(၇)မိနစ်မှာ ဂစ်ဘ်ဝှိုက်၊ (၄၄)မိနစ်မှာ ခရစ်ဝုဒ်နဲ့ မိနစ်(၉၀)ပြည့်လို့အချိန်ပို(၄)မိနစ်မှာ အဝိုနီယီတို့က သွင်းယူပေးခဲ့ကြပါ တယ်။ နော်တင်ဟမ်အသင်းဟာ အခုရာသီပရီးမီးယားလိဂ် ပွဲပေါင်း(၂၀)ကစားပြီးချိန်မှာ (၁၂)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၄)ပွဲရှုံး၊ ရမှတ်(၄၀)နဲ့အတူ အဆင့်(၃)နေရာမှာ ရပ်တည်နေခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ပြေးလမ်း ကြောင်းပေါ်မှာ ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။