ဟီးရိုး ကမ္ဘာ့ချဲလင့်ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့အဆင့်-၁ အမေရိကန်နိုင်ငံသား ရှက်ဖလာဟာ တစ်နှစ်တာ အတွင်း ချန်ပီယံဆုအများဆုံးစံချိန်ကို လိုက်မီသွားနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဟီးရိုး ကမ္ဘာ့ ချဲလင့်ပြိုင်ပွဲရဲ့နောက်ဆုံးနေ့ ပွဲစဉ်တွေအပြီးမှာ ရှက်ဖလာက သတ်မှတ်ရိုက်ချက်အောက် ၂၅ ချက်အထိ လျှော့ ရိုက်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အခုချန်ပီယံဆုဟာ ၂၀၂၄ ခုနှစ်အတွင်း ရှက်ဖလာအတွက် ၉ ခုမြောက် ချန်ပီယံဆုဖြစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က တိုက်ဂါးဝုဒ်နဲ့ ၂၀၀၄ ခုနှစ်က ဗီဂျေဆင်းတို့ စွမ်းဆောင်ပြထား ခဲ့တဲ့ တစ်နှစ်တာအတွင်း ချန်ပီယံဆုအများဆုံးရတဲ့ စံချိန်ကို လိုက်မီသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ရှက်ဖလာဟာ ၂၀၂၄ ခုနှစ်အတွင်း မာစတာပြိုင်ပွဲ ချန်ပီယံဆုနဲ့ ပဲရစ်အိုလံပစ်ဂေါ့ဖ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ရယူထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်နဲ့ ဗီဂျေဆင်းတို့ရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့တဲ့အတွက် အခုနိုင်ပွဲက အဓိပ္ပာယ်ပိုရှိခဲ့ပါတယ်လို့ ဟီးရိုးပြိုင်ပွဲ ချန်ပီယံဆုကို လက်ခံရယူအပြီးမှာ ရှက်ဖလာက ပြောသွားခဲ့ပါတယ်။

အခုနှစ် ဟီးရိုးပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် ရှက်ဖလာဟာ ဟီးရိုးပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်တဲ့ တတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။