အခုတစ်ပတ် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ မွန်ဇာကို အနိုင်ရပြီးနောက် စီးရီးအေအမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာပေမယ့် ချန်ပီယံဆုအကြောင်းပြောဖို့ စောသေးတယ်လို့ နာပိုလီနည်းပြ ကွန်တီက ပြောလိုက်ပါတယ်။
မွန်ဇာကို အနိုင်ရတဲ့ပွဲအပြီးမှာ နာပိုလီအသင်းဥက္ကဋ္ဌက ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အဆင့်ကို ရောက်နေပြီလို့ ပြောကြားခဲ့ပေမယ့် နည်ပြကွန်တီကတော့ အခုချိန်မှာ ချန်ပီယံဆုအကြောင်းထက် တစ်ပွဲချင်းစီကို အာရုံစိုက်ရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့တာပါ။
နာပိုလီအသင်းဟာ စီးရီးအေ ရာသီအဖွင့်ပွဲမှာ ဗီရိုနာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေကောင်းခဲ့ပြီး ပွဲစဉ် ၆ ပွဲပြီးဆုံးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့်-၁ နေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နာပိုလီအသင်းအတွက်တော့ ၁၈ လအတွင်း စီးရီးအေအမှတ်ပေးဇယား အဆင့်-၁ နေရာကို ပထမဆုံးအကြိမ် ပြန်လည်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်နဲ့ အင်တာမီလန် အသင်းတွေကို စီးရီးအေချန်ပီယံဆုရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ကွန်တီကတော့ အခုချိန်မှာ ချန်ပီယံဆု အကြောင်းကို ပြောနေတာထက် တစ်ပွဲချင်းစီ ရလဒ်ကောင်းဖို့ကိုသာ အာရုံစိုက်ထားရမှာဖြစ်တယ်လို့ အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။