မက္ကလာရင် ဖော်မြူလာဝမ်းအသင်းဟာ ၂၀၂၄ ဖော်မြူလာဝမ်းအသင်းလိုက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ချန်ပီယံဆုနဲ့ ၂၆ နှစ်ကြာ ဝေးကွာမှုကို အဆုံးသတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရာသီပိတ် ပွဲစဉ် ဖြစ်တဲ့ အဘူဒါဘီဂရင်းပရီပြိုင်ပွဲမှာ မက္ကလာရင်အသင်းဒရိုင်ဗာ လန်ဒိုနောရစ် အနိုင်ရခဲ့ပြီးနောက် အသင်းလိုက် ချန်ပီယံဆုကို မက္ကလာရင်အသင်းရဖို့ သေချာသွားခဲ့တာပါ။ အခုနှစ်က မက္ကလာရင်အသင်းအတွက် ပျော်စရာ နှစ်တစ်နှစ်ဖြစ်ခဲ့သလို ရာသီပိတ်မှာ ချန်ပီယံဆုနဲ့ ပိတ်သိမ်းနိုင်ခဲ့လို့ ပြည့်စုံတဲ့နှစ်ဖြစ်ခဲ့ပါတယ်လို့ အသက် ၂၅ နှစ် အရွယ် ဗြိတိန်ဒရိုင်ဗာ နောရစ်က ပြောသွားခဲ့ပါတယ်။

မက္ကလာရင်အသင်းဟာ ဖော်မြူလာဝမ်း အသင်းလိုက် ချန်ပီယံဆုကို ၁၉၉၈ မှာ နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ရမှတ်ပေါင်း ၆၆၆ မှတ်နဲ့ ဒုတိယနေရာက ဖာရာရီအသင်းကို ၁၄ မှတ်ဖြတ်ကာ ချန်ပီယံဆုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။အခုနှစ်ဖော်မြူလာဝမ်းရာသီမှာ မက္ကလာရင်အသင်းဒရိုင်ဗာတွေဖြစ်ကြတဲ့ လန်ဒိုနောရစ်က ဂရင်းပရီ ချန်ပီယံဆု ၄ ကြိမ်နဲ့ ပီယက်စ်ထရီက ဂရင်းပရီ ချန်ပီယံဆု ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။