ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ အင်္ဂလန်အသင်းကို အနိုင်ရရှိပြီးနောက် ယူရိုချန်ပီယံဖြစ်လာခဲ့တဲ့ စပိန် အသင်းသားတွေဟာ စပိန်နိုင်ငံကိုပြန်ရောက်လာခဲ့ကြပြီး ဝန်ကြီးချုပ်ဆန်းချက်ဇ်နဲ့ ဇူလိုင်လ(၁၅)ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။
စပိန်အသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။
အောင်ပွဲနဲ့အတူပြန်လာခဲ့တဲ့ စပိန်အသင်း သားတွေကို စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က ဂုဏ်ပြုခဲ့သလို ယူရိုပြိုင်ပွဲတစ်လျှောက်လုံးမှာပြသခဲ့တဲ့ စပိန် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူမိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

စပိန်အသင်းသားတွေဟာ တွေ့ဆုံပွဲကို လာရောက်ခဲ့ကြတဲ့ ပရိသတ်တွေ၊ ကလေးငယ်တွေနဲ့အတူ အမှတ်တရဓာတ်ပုံတွေ၊ လက်မှတ် ရေးထိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ ယူရိုချန်ပီယံဖြစ်လာခဲ့တဲ့ စပိန်အသင်းဟာ ဆုဖလားနဲ့အတူ မြို့တွင်းလှည့်လည် အောင်ပွဲခံအခမ်းအနားကို ပြုလုပ်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။