မန်စီးတီးအသင်းဟာ လန်းစ်အသင်းရဲ့ ဥဇဘက်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ်ကို ခေါ်ယူဖို့အတွက် သဘော တူညီမှုရခဲ့ပြီလို့ သိရပါတယ်။ အခုဘောလုံးရာသီမှာ ရလဒ်ပိုင်းအနည်းငယ် ဆိုးရွားနေခဲ့တဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့နောက်တန်းကို အင်အားဖြည့်တင်းဖို့အတွက် ခူဆာနော့ဗ်ကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

အသက်(၂၀)နှစ် အရွယ်သာ ရှိသေးပေမယ့်လည်း ခူဆာနော့ဗ်ဟာ ပြင်သစ်ကလပ် လန်းစ်အသင်းရဲ့ အဓိကကစားသမားဖြစ်သလို အခုရာသီပြင်သစ်လိဂ်မှာ (၁၃)ပွဲအထိ ကစားခွင့်ရထားသူလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ခူဆာနော့ဗ် ကို ခေါ်ယူဖို့အတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ကျော်ကို အသုံးပြုသွားရမယ်လို့ လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

မန်စီးတီးအသင်းရဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ ရူဘင်ဒီယက် နဲ့ ဂျွန်စတုန်းတို့က အခုအချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မန်စီးတီးနည်းပြဂွာဒီယိုလာက ခူဆာနော့ဗ်ကို စရောက်တာနဲ့ စီနီယာအသင်းလူစာရင်းမှာ အသုံးပြုသွားဖွယ် ရှိနေပါတယ်။ ခူဆာနော့ဗ်ဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာကစားခွင့်ရတဲ့ ပထမဆုံးဥဇဘက်ကစ္စတန် နိုင်ငံသားအဖြစ်လည်း မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။