မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်အနေနဲ့ တတိယအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစား အရည်အချင်း စစ်ပြိုင်ပွဲကို ဇွန်လ ၃၀ ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ မြင်းစီးအားကစားကွင်းမှာ ကျင်းပခဲ့တယ် လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကနေ သိရပါတယ်။

အဲဒီပြိုင်ပွဲမှာ ၈၅ ကီလိုမီတာခရီးရှည်ပြိုင်ပွဲနဲ့ ၆၅ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲအမျိုးအစားတွေကို ကျင်းပခဲ့တာ ဖြစ်ပြီး Mo Riding Club၊ Innwa Riding Club၊ ရန်ကုန်မြင်းစီးအသင်းနဲ့ ဒုတ္ထဝတီမြင်းစီးအသင်းတွေက မြင်းစီးအား ကစားသမား ၁၅ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြိုင်ပွဲကို လာမယ့်၂၀၂၅ ဆီးဂိမ်း ခရီးရှည်မြင်းစီးအားကစားနည်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကျင်းပတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်အေးသက်တာက ပြောပါတယ်။

ပြိုင်ပွဲအပြီးမှာတော့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နဲ့ တာဝန်ရှိသူတွေက Steward သင်တန်းတက်ရောက်ခဲ့သူတွေကို သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခဲ့ပြီး အရည်အချင်းစစ်ပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့ မြင်းစီးအားကစားသမား ၅ ယောက်ကို အောင်လက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။