စီးရီးအေကလပ် အတ္တလန္တာအသင်းဟာ တောင်ပံတိုက်စစ်မှူး ကွာဒရာဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဩဂုတ်လ ၂၆ ရက် နေ့က အတည်ပြုခဲ့ပါတယ်။
စီးရီးအေထိပ်တန်းအသင်းတွေဖြစ်တဲ့ ဂျုဗင်တပ်နဲ့ အင်တာမီလန်အသင်းတွေမှာ ကစားခဲ့ဖူးသလို စီးရီးအေချန်ပီယံဆုကို ၆ ကြိမ်အထိ ရရှိထားခဲ့တဲ့ ကွာဒရာဒိုဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အင်တာမီလန် အသင်းနဲ့ စာချုပ်ပြည့်ခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
ဒါ့ကြောင့်လည်း အတ္တလန္တာအသင်းက ခေါ်ယူ ဖို့ ဆွေးနွေးခဲ့ပြီး ၁ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကွာဒရာဒိုဟာ စီးရီးအေကို လွန်ခဲ့ တဲ့ ၁၅ နှစ်ကတည်းက ရောက်နေခဲ့တာဖြစ်ပြီး စီးရီးအေပွဲစဉ် ၃၇၂ ပွဲအထိ ကစားပေးထားသလို ၄၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆၆ ကြိမ်အထိ ပြုလုပ်ထားခဲ့လို့ အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှုတစ်ခု ဖြစ်ပါတယ်လို့ အတ္တလန္တာအသင်း ကြေညာချက်မှာ ရေးထားပါတယ်။
နည်းပြ ဂတ်စ်ပါရီနီရဲ့ အတ္တလန္တာအသင်း အစီအစဉ်မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့ အသင်းသစ်နဲ့ မိတ်ဆက်မှုမှာ ကွာဒရာဒိုက ပြောသွားခဲ့ပါတယ်။