သောကြာ ညမှာ ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲက ဂျာမနီကွင်းလယ်လူ တိုနီခရူးစ်ရဲ့ ကစား သမားဘဝ နောက်ဆုံးပွဲ ဖြစ်လိမ့်မယ်လို့ စပိန်တိုက်စစ်မှူး ဂျိုဆေးလူက ပြောလိုက်ပါတယ်။
တိုနီခရူးစ်နဲ့ ဂျိုဆေးလူတို့ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေအဖြစ် အတူကစားခဲ့ကြတာဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါ ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် တိုနီခရူးစ်က အခု ယူရိုပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ပြောကြားထားခဲ့တာပါ။
စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ဟာ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ဆုံတွေ့နေတာဖြစ်ပြီး တိုနီခရူးစ်နဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်ဆုံတွေ့ရမယ့်အဖြစ်က စိတ်လှုပ်ရှားဖို့ကောင်းသလို လာမယ့် ကွာတားဖိုင်နယ်က ခရူးစ်ရဲ့ နောက်ဆုံးပွဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်လို့ ဂျိုဆေးလူက ပြောသွားခဲ့တာပါ။
နည်းပြ ဒီလာဖျူအန်တီရဲ့ စပိန်အသင်းဟာ အခုနှစ် ယူရိုပြိုင်ပွဲမှာ ပွဲစဉ်အားလုံးကို အနိုင်ရထားတဲ့တစ်သင်းတည်းသော အသင်းအဖြစ် စံချိန်တင်ထားသလို အိမ်ရှင် ဂျာမနီကလည်း ပုံစံကောင်းရနေလို့ အခုနှစ်သင်း ထိပ်တိုက်ဆုံတဲ့ ကွာတားဖိုင်နယ်က ချန်ပီယံခြေစွမ်းရှိတဲ့ နှစ်သင်း ထိပ်တိုက်ဆုံတဲ့ပွဲလို့ သုံးသပ်ထားကြပါတယ်။