ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အသင်းရဲ့ကွင်းအမည်ကို ရောင်းချဖို့အတွက် ဆုံးဖြတ်ချက်မချခင်မှာ ပရိသတ်တွေနဲ့ အရင်ဆုံး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေဟာ အသင်းရဲ့ အိမ်ကွင်းကို ပြင်ဆင်ဖို့အတွက် လုပ်ဆောင်နေကြတာဖြစ်ပြီး ကွင်းတည်ဆောက်မှု ကုန်ကျစရိတ်အတွက် အသင်းရဲ့ ကွင်းအမည်ကို ရောင်းချဖို့ စဉ်းစားနေတာပါ။

မန်ယူအသင်းရဲ့ အိမ်ကွင်းပြင်ဆင်မှု အစီအစဉ်တွေထဲ လက်ရှိအိုးထရက်ဖို့ဒ်ကွင်းကို ပြုပြင်ပြီး အဆင့်မြှင့်တင်မလား ဒါမှမဟုတ် လက်ရှိကွင်းနေရာမှာပဲ ကွင်းသစ် ပြန်ဆောက်မလားဆိုပြီး အသင်းရဲ့တာဝန်ရှိသူတွေက စဉ်းစားနေကြတာ ဖြစ်ပါတယ်။
ဒီလိုအစီအစဉ်တွေအတွက် လိုအပ်လာမယ့်ငွေကြေးက ပေါင်(၂)ဘီလီယံလောက် ခန့်မှန်းထားတာကြောင့် ကွင်းအမည်ကို ရောင်းချဖို့ စီစဉ် ထားသလို ကွင်းအမည်ကိုရောင်းချတာက ဝေဖန်မှုတွေနဲ့ကြုံတွေ့ရနိုင်တာကြောင့် အခုလိုမျိုး အသင်းရဲ့ပရိသတ် တွေနဲ့ အရင်ဆုံးဆွေးနွေးဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။