ဂျာမနီကလပ် ဒေါ့မွန်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူ ဂရော့ဘ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ ဇူလိုင်လ ၃၁ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
ဒေါ့မွန်အသင်းဟာ ဂရော့ဘ်အတွက် အပိုဆုကြေးမပါ ပြောင်း ရွှေ့ကြေး ယူရို ၇ သန်းပေးခဲ့ရပြီး ၂ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် ဂရော့ဘ်ဟာ ဘရိုက်တန်အသင်းနဲ့အတူ ၇ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းနဲ့အတူ ခြေစွမ်း ပြခဲ့တဲ့ ဂရော့ဘ်ဟာ ဂျာမနီလက်ရွေးစင်အဖြစ် ပထမဆုံးပွဲထွက်မှုကို ပြီးခဲ့တဲ့နှစ်က ပြုလုပ်နိုင်ခဲ့ပြီး လက်ရှိမှာ လက်ရွေးစင်အသင်းအတွက် ၈ ပွဲကစားကာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းနဲ့ စာချုပ်ချုပ်ဆိုခွင့် ရတဲ့အတွက် ဝမ်းသာမိသလို ကလေးဘဝကတည်းက အားပေးခဲ့ရတဲ့ ဒေါ့မွန်အသင်းမှာ ကစားခွင့် ရတော့မှာ ဖြစ်လို့ ပျော်ရွှင်မိတယ်လို့ ဂရော့ဘ်က ပြောသွားခဲ့ပါတယ်။
ဂရော့ဘ်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး နောက်မှာပဲ အသင်းရဲ့ရာသီကြိုလေကျင့်မှုတွေ ပြုလုပ်နေတဲ့ ဆွစ်ဇာလန်ကို သွားရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။