အခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဗာစတက်ပန်ကို စိန်ခေါ်နိုင်ဖို့ဆိုရင် အခုထက်ပိုကောင်းဖို့ လိုအပ်တယ်လို့ မက္ကလာရင်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ လန်ဒိုနောရစ်က ပြောကြားလိုက်ပါတယ်။ နောရစ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မက္ကလာရင်အသင်းရဲ့ ပြိုင်ကားသစ်ဖြစ်တဲ့ MCL-39 ကို ဆေးလ်ဗားစတုန်း ကားပြိုင်ကွင်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီးနောက် အခုလိုမျိုး ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖော်မြူလာဝမ်း ရာသီမှာ နောရစ်ဟာ ရက်ဘူးလ်အသင်းရဲ့ နယ်သာလန်ဒရိုင်ဗာ ဗာစတက်ပန်ကို အနီးကပ်ဆုံး စိန်ခေါ်နိုင်သူ ဖြစ်ခဲ့သလို ဂရင်းပရီပွဲစဉ်တွေအတွင်းမှာလည်း ဗာစတက်ပန်ကို ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံ ဗာစတက်ပန်ကို စိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသသွားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်တယ်လို့ နောရစ်က ပြောသွားခဲ့ပြီး ပြိုင်လမ်းမပေါ်မှာ ကားကိုအကောင်းဆုံးထိန်းချုပ်နိုင်ဖို့ အတွက်တော့ လေ့ကျင့်သွား ရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

နောရစ်နဲ့ မက္ကလာရင်အသင်းဖော် ဒရိုင်ဗာ ပီယက်စ်ထရီ တို့ဟာ မက္ကလာရင်အသင်း ပြိုင်ကားသစ်ကို စမ်းသပ်မောင်းနှင်ခဲ့ကြတာဖြစ်ပြီး ပြိုင်ကားသစ်အပေါ် စိတ်ကျေနပ် မှုရခဲ့ကြတယ်လို့ မောင်းနှင်မှုအပြီးမှာ ပြောသွားခဲ့ကြပါတယ်။ မက္ကလာရင်အသင်းအုပ်ချုပ်သူကတော့ ပြိုင်ကားသစ်က နောရစ်နဲ့ ပီယက်စ်ထရီတို့ရဲ့ စိန်ခေါ်နိုင်စွမ်းကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောထား ပါတယ်။