စည်းကမ်းချက်ပေါင်း ၁၁၅ ချက်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မန်စီးတီးအသင်းအပေါ် ကြားနား မှုကို အမြန်ဆုံးပြီးဆုံးဖို့ မျှော်လင့်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောလိုက်ပါတယ်။
မန်စီးတီးအသင်းအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ ကြာမြင့်နေတာကြောင့် အသင်းအပေါ် ရိုက်ခတ်မှုတွေ ရှိလာခဲ့ပြီး နည်းပြ ဂွါဒီယိုလာကတော့ အခုလို ကြားနာမှုလုပ်တော့မယ်ဆိုတဲ့ သတင်းတွေအပေါ် ကြိုဆိုသွားခဲ့တာဖြစ် ပါတယ်။
မန်စီးတီးအသင်းအပေါ် ကြားနာမှုတွေကို စက်တင်ဘာ ၁၆ ရက်မှာ စတင်မယ်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့က အတည်ပြုခဲ့သလို ကြားနာမှုတွေက ၂ လလောက်အထိ ကြာမြင့်ဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေမှာ အကောင်းဆုံး ပါဝင်ကူညီပေးသွားမှာဖြစ်သလို မန်စီးတီးအသင်း အနေနဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို လက်ခံနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ နည်းပြဂွါဒီယိုလာက ဩဂုတ်လ ၂၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ အတွင်းမှာ စည်းကမ်းချက်ပေါင်း ၁၁၅ ချက်ကို ချိုးဖောက်ခဲ့တယ်လို့ ၂၀၂၃ ဖေဖော်ဝါရီလထဲက စွဲချက်တင် ခံထားခဲ့ရတာ ဖြစ်ပါတယ်။