၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ ကိုလံဘီယာအသင်းကို အနိုင်ရခဲ့ပြီးနောက် ချန်ပီယံဖြစ်လာခဲ့တဲ့ အာဂျင်တီးနားအသင်သားတွေဟာ ဇူလိုင်လ(၁၅)ရက်နေ့က အာဂျင်တီးနားနိုင်ငံကို ပြန်ရောက်လာခဲ့ကြပြီး ပရိသတ်တွေက ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ကိုလံဘီယာအသင်းနဲ့ အကြိတ်အနယ်ကစားခဲ့ရပြီး လူစားဝင်တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ ပွဲကစားချိန်(၁၁၂)မိနစ် မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးကြောင့် အနိုင်ရခဲ့တာပါ။
အာဂျင်တီးနားပရိသတ်တွေဟာ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အသင်းသားတွေကို လေဆိပ်မှာ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ကြပြီး အသင်းရဲ့ဘတ်စကားနောက် လိုက်လံအားပေးခဲ့ကြပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေက ဂုဏ်ယူနေကြတာဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းရဲ့ပရိသတ်တွေဟာ လက်ရွေးစင်ဘဝကနေ အနားယူတော့မယ်လို့ အတည်ပြုခဲ့တဲ့ တောင်ပံကစားသမား ဒီမာရီယာရဲ့ နာမည်ကိုလည်း သံပြိုင်အော်ဟစ်ကာ ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါသေးတယ်။