အခုတစ်ပတ်ထုတ်ပြန်တဲ့ အမျိုးသမီးတစ်ဦးချင်းတင်းနစ် ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာက ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အဆင့်-၁ နေရာကို ရောက်လာပါတယ်။
အခုနှစ်အစပိုင်းမှာ ဩစတြေးလျအိုးပင်းချန်ပီယံဆုရခဲ့သလို ပြီးခဲ့တဲ့လက ယူအက်စ်အိုးပင်းချန်ပီယံဆုပါ ရခဲ့တဲ့ ဆာဘာလန်ကာဟာ အခုနှစ်အတွင်းမှာ အောင်မြင်တဲ့တင်းနစ်ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့တာပါ။
ဒါ့အပြင် WTA တိုးပြိုင်ပွဲတွေဖြစ်တဲ့ စင်စင်နာတီနဲ့ အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဝူဟန်းအိုးပင်းတင်းနစ်ပြိုင်ပွဲတွေ မှာပါ ချန်ပီယံဆုကို ရခဲ့ပြီးနောက် ကမ္ဘာ့အဆင့်-၁ နေရာကို တက်ရောက်ခွင့်ရလာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ်တစ်ယောက်အနေနဲ့ တင်းနစ်ရာသီတစ်ခုအတွင်း WTA 500 အမျိုးအစားပြိုင်ပွဲ ၆ ခုကိုပါဝင်ယှဉ်ပြိုင်ရမယ်လို့ သတ်မှတ်ထားတာပါ။
ဒါပေမယ့် ဆွီယာတက်ခ်ကတော့ ပင်ပမ်းနွမ်းနယ်မှုကို အကြောင်းပြပြီး အာရှမှာကျင်းပတဲ့ WTA တိုးပြိုင်ပွဲတွေကို လွဲချော်ခဲ့တာကြောင့် ဆာဘာလန်ကာကို ကမ္ဘာ့အဆင့်-၁ နေရာ လွှဲပေးလိုက်ရတာလည်းဖြစ်ပါတယ်။ တင်းနစ်ရာသီအကုန် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ WTA ဖိုင်နယ်ပြိုင်ပွဲကတော့ ဆာဘာလန်ကာနဲ့ ဆွီယာတက်ခ်တို့ရဲ့ ကမ္ဘာ့အဆင့်-၁ နေရာနဲ့ ၂၀၂၄ ကို နှုတ်ဆက်နိုင်ရေး အဆုံးအဖြတ်ပွဲဖြစ်လာနိုင်ပါတယ်။