အမေရိကန်ခြေစမ်းခရီးစဉ်ကို သွားရောက်ကစားမယ့် ဘာစီလိုနာအသင်းရဲ့လူစာရင်းမှာ အသင်းရဲ့အဓိက ကစားသမားတချို့ မပါဝင်နိုင်ဘဲ လွဲချော်ခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ အခုချိန်ထိ ခြေစမ်း ပွဲတွေကို မကစားရသေးပါဘူး။ အမေရိကန်မှာ ခြေစမ်းပွဲကစားဖို့အတွက် ဇူလိုင်လ(၂၈)ရက်နေ့ကမှ စပိန် လေဆိပ်ကနေ ထွက်ခွာခဲ့ကြတာပါ။
စပိန်နိုင်ငံကနေထွက်ခွာခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့လူစာရင်းမှာ အာရူဂျို၊ ပတ်ဒရီ၊ ဂါဗီ၊ ဒီဂျောင်နဲ့ ဖာတီတို့က ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့သလို ယူရိုပြိုင်ပွဲ ကစားခဲ့တဲ့ ယာမယ်နဲ့ ဖာရန်တောရက်စ်တို့ကလည်း အနားယူနေတာကြောင့် လိုက်ပါခဲ့ခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။

အခုလက်ရှိ အိုလံပစ်ပြိုင်ပွဲမှာ ကစားနေတဲ့ ကူဘာစီ၊ ဖာမင်လိုပက်ဇ်နဲ့ အဲရစ်ဂါစီယာတို့ကလည်း ဘာစီလိုနာအသင်းရဲ့ လူစာရင်းမှာ ပါဝင်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီရဲ့ ပထမဆုံး ခြေစမ်းပွဲစဉ် အဖြစ် ဇူလိုင်လ(၃၁)ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။