ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ကျင်းပခဲ့တဲ့ ကနေဒါအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ အမေရိကန် တင်းနစ်မယ် ပီဂူလာက ချန်ပီယံဆုကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ပီဂူလာနဲ့ တစ်နိုင်ငံတည်းသူ အန်နီစီမိုဗာတို့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ကမ္ဘာ့အဆင့်-၆ နေရာမှာရပ်တည်နေတဲ့ ပီဂူလာက ပွဲကို ဦးဆောင်ကစား နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အန်နီစီမိုဗာကလည်း အကောင်းဆုံးပုံစံနဲ့အတူ ပီဂူလာကို ဖိအားပြန်ပေးနိုင်ခဲ့သလို ဒုတိယပွဲလတ်မှာလည်း အနိုင်ရအောင် ကစားနိုင်ခဲ့လို့ ချန်ပီယံဆုအဆုံးအဖြတ်အဖြစ် တတိယပွဲလတ်ကို ယှဉ်ပြိုင်ခဲ့ရပါတယ်။

တတိယပွဲလတ်မှာတော့ ပီဂူလာက အမှားအယွင်းနည်းအောင် ထိန်းကစားသွားခဲ့ပြီး ပွဲကို အဆုံးသတ်နိုင်ခဲ့တာပါ။ ပွဲကစားချိန် ၁ နာရီနဲ့ ၂၇ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ပီဂူလာက (၆း၃၊၂း၆၊၆း၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကနေဒါအိုးပင်းချန်ပီယံဆုကို ဆက်ထိန်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။
အခုချန်ပီယံဆုက ပီဂူလာ အတွက် WTA တိုးပြိုင်ပွဲ ၆ ခုမြောက် ချန်ပီယံဆုဖြစ်ခဲ့သလို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကနေဒါအိုးပင်း ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးတင်းနစ်မယ်လည်း ဖြစ်ခဲ့ပါတယ်။