ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမား အင်နီယေစတာဟာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ပရိသတ်ကို အသိပေးလိုက်ပြီဖြစ်ပါတယ်။
အင်နီယေစတာဟာ အခု အချိန်မှာ အသက်(၄၀)အရွယ်ရှိနေပြီဖြစ်တာကြောင့် ဘောလုံးလောကကို စွန့်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။
ကစားသမားဘဝကနေ အနားယူမယ့်အစီအစဉ်ကို အင်နီယေစတာက အခုလအစောပိုင်းကတည်းက ပရိသတ်ကို ဗီဒီယိုတင်ကာ အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ အင်နီယေစတာက ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ပြောကြားခဲ့သလို နည်းပြဂွာဒီယိုလာအပါအဝင် သူ့ကိုကူညီပေးခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင် စကားကိုလည်း ပြောခဲ့တာကို တွေ့ရပါတယ်။
အသက်(၁၂)နှစ်အရွယ်မှာကတည်းက ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အင်နီယေစတာဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၆၂၀) ကျော် ကစားပေးခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်(၄)ကြိမ်၊ လာလီဂါ(၉)ကြိမ်အပါအဝင် ဖလားပေါင်းများစွာကို ဆွတ်ခူးပေးခဲ့သူလည်း ဖြစ်ပါတယ်။
အင်နီယေစတာဟာ သူ့ရဲ့ကစားသမားဘဝမှာ ဘာစီလိုနာအသင်းအပြင် ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေး၊ UAE ကလပ် အမ်းမရိတ်ကလပ်အသင်းတို့မှာ ကစားပေးခဲ့ပါတယ်။