အသက်(၄၁)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီနောက်ခံလူပီပီဟာ ကစားသမားကနေ အနားယူသွားပြီဖြစ်တယ်လို့ ဩဂုတ်လ(၈)ရက်က တရားဝင်ကြေညာသွားခဲ့ပါတယ်။
ပီပီဟာ ပြီးခဲ့တဲ့ယူရို(၂၀၂၄)ပြိုင်ပွဲက သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲလို့ ပြောကြားထားခဲ့သလို အခုအချိန်မှာတော့ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ပီပီဟာ ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရို(၂၀၂၄)ကွာတား ဖိုင်နယ်ပွဲစဉ်ကသူ့ရဲ့ကစားသမားဘဝ နောက်ဆုံးပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝမှာ ပြိုင်ပွဲစုံ(၁၄၁)ပွဲအထိ ကစားပေးခဲ့တဲ့ ပီပီဟာ အသင်းနဲ့အတူ နေးရှင်းလိဂ်(၁)ကြိမ်၊ ယူရိုဖလား(၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ရီးရဲလ်နဲ့ ပေါ်တိုအသင်းတို့မှာ ကစားပြီး ချန်ပီယံလိဂ်ဖလား(၃)ကြိမ်အပါအဝင် ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။