ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့က Sky Villa ကွန်ဒို ရှာဖွေ၊ ကယ်ဆယ်၊ ရှင်းလင်းရေး လုပ်ငန်းစဉ်ဟာ လက်ရှိမှာ ၃၅ ရာခိုင်နှုန်းဝန်းကျင် ပြီးစီးနေပြီလို ရှင်းလင်းရေး ဆောင်ရွက်နေတဲ့ မန္တလေးတိုင်း ဒေသကြီး၊ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။Sky Villa ကွန်ဒိုမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မန္တလေးမြို့တော်စည်ပင်နဲ့ တခြားအဖွဲအစည်းတွေက အပျက်အစီး တွေ ရှင်းလင်းရေး ဆောင်ရွက်နေတာပါ။

လက်ရှိမှာ A, B, C, D ဆိုတဲ့ အဆောင် ၄ ခုခွဲပြီးတော့ ရှင်းလင်းရေး ဆောင်ရွက်နေတာဖြစ်ပြီး D အဆောင်မှာ တော့ ၉၈ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးကျော်ကိုကိုက ပြောပါတယ်။ C အဆောင်မှာတော့ ၃၀ ရာခိုင်နှုန်းလောက် ဆောင်ရွက်ပြီးပြီဖြစ်သလို A နဲ့ B အဆောင်တွေ ရှင်းလင်းရေးကိုလည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။Sky Villa ကွန်ဒိုတစ်ခုလုံး ရှင်းလင်းရေးလုပ်ငန်းစဉ် ပြီးစီးဖို့ကတော့ လနဲ့ချီ ကြာမြင့်နိုင်တယ်လို့ ဦးကျော်ကိုကိုက ပြောပါတယ်။တစ်ဖက်မှာ Sky Villa ကွန်ဒို အပျက်အစီးတွေ ရှင်းလင်းရင်းနဲ့ ပစ္စည်းတွေ ရှာဖွေတာကိုလည်း ပြုလုပ်နေပြီး ဒီပစ္စည်းတွေကို ပိုင်ရှင်တွေဆီ ပြန်လွှဲပြောင်းပေးနေတယ်လို့ သိရပါတယ်။

ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းအထိ Sky Villa ကွန်ဒို အပျက်အစီးတွေထဲကနေ အရေးကြီးစာရွက်စာတမ်းနဲ့ အဖိုးတန် ပစ္စည်း စုစုပေါင်း ၂၄၅ ခု ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီထဲက ၁၃၆ ခုကို ပိုင်ရှင်တွေဆီ ပြန်လွှဲပြောင်းပေးထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်သလို Sky Villa ကွန်ဒို ပစ္စည်းလက်ခံ၊ လွှပြောင်းရေးအဖွဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဇော်သန်းက ပြောပါတယ်။ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုမှာ ဧပြီလ ၂၅ ရက် နေ့လယ်ပိုင်းအထိ အသက်ရှင်သူ ၅၂ ယောက်ကို ကယ်ဆယ် နိုင်ခဲ့ပြီး သေဆုံးသူ ၁၀၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။