ရွှေတိဂုံစေတီတော်မှာပြုလုပ်ခဲ့တဲ့ မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကို ရွှေကြိုးဖြတ်ပြီး ဖွင့်လှစ်ရာမှာ မိုးပျံပူဖောင်းတွေနဲ့အတူ ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် အလံငယ်နဲ့ ဆုတော်ငွေလာရောက် ထုတ်ယူဖို့ စာတစ်စောင်ထည့်သွင်း လွှတ်တင်ခဲ့ပါတယ်။ အဲဒီအထိမ်းအမှတ်အလံငယ်ကို ကံထူးစွာရရှိခဲ့သူကို နိုဝင်ဘာလ(၂၀)ရက်က ဆုကြေးငွေကျပ်(၅)သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။
အဲဒီအထိမ်းအမှတ်အလံငယ်ကို ကံထူးသွားသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တဲတန်းကျေးရွာ၊ လိပ်ဥကုန်းနေ ဒေါ်သင်းသင်းဌေးဆိုသူဖြစ်ပြီး နိုဝင်ဘာ(၂၀)ရက်မှာ ရွှေတိဂုံစေတီတော်ကို လာရောက်ဆက် သွယ်ခဲ့တာကြောင့် အခုလို ဆုကြေးငွေကို ချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအထိမ်းအမှတ်အလံငယ်ကို မိုးပျံပူဖောင်းနဲ့အတူလွှတ်တင်ခဲ့တာဖြစ်ပြီး အလံကိုရရှိတဲ့သူက ဆုငွေလာရောက် ထုတ်တာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊
ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့ ညနေပိုင်း မှာ နှစ်စဉ် ကျင်းပလေ့ရှိပြီး ရရှိလာတဲ့ပိတ်သားတွေကို ရွှေကြာသင်္ကန်းတော်တွေအဖြစ် လပြည့်နေ့နံနက် အရုဏ် မတက်မီ ညတွင်းချင်းအပြီး ချုပ်လုပ်ကပ်လှူပူဇော်တာလို့ ဆိုပါတယ်။ အခုနှစ် (၃၆)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကိုလည်း တန်ဆောင်မုန်းလဆန်း ၁၄ ရက် နိုဝင်ဘာလ(၁၄)ရက် ညပိုင်းက ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ရာဟုထောင့် အောင်မြေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။