ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်မှာ စေတီတော်ရင်ပြင်ရာဟုထောင့်အောင်မြေမှာ ပြန်လည်ကျင်းပမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေသိရပါတယ်။
ရွှေတိဂုံစေတီတော်ရဲ့ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး ကိုဗစ်ကာလအတွင်းက မကျင်းပနိုင်ခဲ့ဘဲ အခု ၂၀၂၄ ခုနှစ်မှသာ ပြန်လည်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။
မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲမှာ ဘာသာရေးအသင်းအဖွဲ့တွေ ဝင်ရောက်ယှဉ်ပြိုင်ရက်လုပ်ကြမှာပါ။ ရရှိလာတဲ့ ပိတ်သားပြင်ကို အထည်အလိပ်ဆိုင်ရာပညာရှင်တွေက စစ်ဆေးအမှတ်ပေးပြီး ဆုအဆင့်ခွဲခြားသတ်မှတ်ကာ ဆုတွေ ပေးအပ်ချီးမြှင့်မှာဖြစ်တယ်လို့ဆိုပါတယ်။
မသိုးသင်္ကန်းပိတ်စတွေကို ဝိနည်းတော်နဲ့အညီ ညတွင်းချင်းချုပ်လုပ်ကြပြီး တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက် အရုဏ်မတက်မီ သတ်မှတ်ရုပ်ပွားတော်တွေကို ကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းတာ၊ ဩဝါဒါစရိယဆရာတော်တွေနဲ့ စောင့်ရှောက်ရေးဆရာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းတာ၊ ကထိန်သင်္ကန်းကပ်လှူတာ၊ အနုမောဒနာတရားနာကြားတာနဲ့ ကုသိုလ်အမျှပေးဝေတာတွေကို ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။