အဋ္ဌမအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးသံဃာ့ဝန်ဆောင်(ဆဋ္ဌ) နှစ်ပတ်လည်အစည်းအဝေးကိုဖေဖော်ဝါရီ(၂၂)ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ရုံးဝင်းအတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံမှာကျင်းပပါတယ်။အခမ်းအနားမှာ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တဇနက (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)ရဲ့ သြဝါဒကထာကို တိုင်းဒေသကြီးသြဝါဒါစရိယဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသက ဖတ်ကြားလျှောက်ထားပါတယ်။

အဲဒီနောက် သဘာပတိဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရ၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က အဖွင့်သြဝါဒကထာမြွက်ကြားတော်မူပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကသာသနာရေးဆိုင်ရာများလျှောက်ထားပြီးအလှူရှင်တွေက ဆရာတော်၊ သံဃာတော်တွေကို လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းပါတယ်။

ဆက်လက်ပြီးအစည်းအဝေးမှာ တစ်နှစ်တာလုံးဆောင်ရွက်ခဲ့ကြတဲ့သာသနာရေးဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်အစီရင်ခံစာနဲ့ပညာရေးရာဆောင်ရွက်ချက်တွေ၊အစီရင်ခံစာတွေကို တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဝိမလ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)နဲ့အဖွဲ့ဝင်တွေက ဖတ်ကြားလျှောက်ထားကြပါတယ်။ဒါ့အပြင် သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ၁၁ပါး ရွေးချယ်တင်မြှောက်တာကိုလည်း ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။