ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီအပူဇော်ခံပွဲကို အောက်တိုဘာလအတွင်း ကျင်းပသွားမယ်လို့ ညောင်ရွှေမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေသိရပါတယ်။
အဲဒီ အပူဇော်ခံပွဲကို အောက်တိုဘာ ၃ ရက်ကနေ ၂၀ ရက်အထိ ၁၈ ရက်ကြာ အင်းလေးဒေသ ၂၁ ဌာနကို ရေလမ်းခရီးပင့်ဆောင်ပြီးပူဇော်ခံမှာဖြစ်ပါတယ်။ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီအပူဇော်ခံပွဲကို တိုင်းရင်းသားရိုးရာအစဉ်အလာအတိုင်းကျင်းပမှာဖြစ်ပြီး အင်းသားရိုးရာလှေပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

ဒေသစာရီ လှည့်လည်ကြွချီပူဇော်ခံမယ့် အစီအစဉ်ကတော့ အောက်တိုဘာ ၃ ရက်မှာ ဖောင်တော်ဦးကျောင်းတော်ကနေ အင်းတိန်ကျေးပေါခုံကျောင်းမှာ တစ်ညတာကိန်းဝပ်အပူဇော်ခံမှာဖြစ်ပြီး အောက်တိုဘာ ၄ ရက်မှာတော့ အင်းတိန်စံကျောင်းကနေ ဟဲယာရွာမစံကျောင်းတော်ကို ဆက်လက်ကြွချီအပူဇော်ခံသွားမှာဖြစ်ပါတယ်။
ညောင်ရွှေမြို့မှာတော့ အောက်တိုဘာ ၉ ရက် ကနေ ၁၁ ရက်အထိ သုံးရက်ကြာအပူဇော်ခံသွားမယ်လို့ သိရပါတယ်။