ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ဖို့ ငြမ်းစေတီတည်ဆောက်တာနဲ့ အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနားကို စက်တင်ဘာလ(၁၉)ရက် မနက် ၅ နာရီအချိန်လောက်က ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာတွေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေသိရပါတယ်။
အခမ်းအနားတွေကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရဲ့ ဩဝါဒါစရိယဆရာတော်ကြီးတွေကြွရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးဌေးအောင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ၊ ပါဝင်ကုသိုလ်ယူဆောင်ရွက်ကြမယ့်ဝန်ထမ်းတွေ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့တွေနဲ့ ငြမ်းစေတီတည်ဆောက်ကြမယ့်လုပ်သားတွေ တက်ရောက်ကြည်ညိုခဲ့ကြတယ်လို့သိရပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၂၀၁၈-၂၀၁၉ ခုနှစ်မှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပြီး အခု ၆ နှစ်အကြာ ၂၀၂၄-၂၀၂၅ ခုနှစ်မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်မှု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ဦးဆောင်ကွပ်ကဲမှုတို့နဲ့ လုံးတော်ပြည့်ရွှေသင်္ကန်းတော် ကပ်လှူပူဇော်သွားမှာဖြစ်တယ်လို့သိရပါတယ်။