ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ (၂)လတာကာလအတွင်း ငွေကျပ် သိန်းပေါင်း နှစ်သောင်းကျော်လှူဒါန်းခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို လှူဒါန်းထားတဲ့ကျပ်တစ်သိန်းနဲ့အထက်အလှူရှင်တွေကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာနဲ့လှူဒါန်းမှုအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၃ ရက်က ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အလှူငွေပေးအပ်လှူဒါန်းမှုအနေနဲ့ ဇူလိုင်လ ၁ ရက်ကနေ ဩဂုတ်လ ၃၁ ရက်အထိ ရွှေစင်ရွှေပြား ၁၁၂ ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၁၀၃ ယောက် အပါအဝင် စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ရှိတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ကနေသိရပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကိုတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်သွားဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။