ရွှေတိဂုံစေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်တဲ့ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီ ၁၅ ရက်၊ မနက်ပိုင်းက နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အဖွဲ့ဝင်တွေက ရွှေတိဂုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရွှေစင်ရွှေပြားတွေ ကပ်လှူပူဇော်ခဲ့ပါတယ်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့ အဖွဲ့ဝင်တွေဟာ ရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်မြတ်ရဲ့ ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးဖူးမြော်ကြည်ညိုပြီး စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြားတွေ နဲ့ သာသနာရေးဆိုင်ရာ ပစ္စည်းတွေကို ကပ်လှူပူဇော်ကာ ပရိတ်နံ့သာရည်တွေနဲ့ ပက်ဖြန်းပူဇော်ကြပါတယ်။ဆက်လက်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး ဌက်ပျောဖူးတော်နေရာမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့ မိသားစုတို့က လှူဒါန်းတဲ့ ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၂ ချပ်ကို ကပ်လှူပူဇော်ပြီး ပရိတ်နံ့သာရည်တွေ ပက်ဖြန်းပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့ အဖွဲ့ဝင်တွေကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နဲ့ ဂေါပကအဖွဲ့ဝင်တွေက ရွှေတိဂုံစေတီတော်မြတ်ကြီးကို ခေတ်အဆက်ဆက် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခဲ့ မှု နဲ့ အခု ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့ အဖွဲ့ဝင်တွေက စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး နဲ့ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး မပြတ်ဆောင်ရွက်သွားဖို့ တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်မှုအနေနဲ့ အခု ၂၀၂၄-၂၀၂၅ ခုနှစ်မှာဆိုရင် ၉ ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်တာ ဖြစ်ပြီး လက်ရှိအချိန်ထိ ရာခိုင်နှုန်း ၈၀ ပြီးစီးပြီ ဖြစ်သလို အခုနှစ် မတ်လ တတိယပတ်မှာ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ၆ ကျပ်သားရှိ ၁ ပေပတ်လည် ရွှေပြား ၁၄၀ ချပ် နဲ့ ၁ ကျပ်သားရှိ ရွှေစင်ပြား ၂၅၀၀ ချပ်တို့ ကပ်လှူ ဖို့ ကျန်နေသေးတဲ့အတွက် စေတနာရှင်အလှူရှင်တွေအနေနဲ့ ၆ ကျပ်သားရှိ ၁ ပေပတ်လည် ရွှေပြားတစ်ချပ်ကို ကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင်ပြား တစ်ချက်ကို ကျပ် ၂၅ သိန်းနှုန်းတို့နဲ့ အသီးသီးပါဝင်ကုသိုလ်ပြု လှူ ဒါန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။