ဝါခေါင်လပြည့်နေ့ဖြစ်တဲ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ဝါခေါင်လပြည့်အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။ ဝါခေါင်လပြည့် နေ့ မနက် ၅ နာရီကစပြီး ရွှေတိဂုံစေတီတော်ဧည့်ခံတန်ဆောင်းမှာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနဲ့ ဆွမ်းတော်ကြီးတင် အခမ်းအနားဆောင်ရွက်ခဲ့ပြီး မနက် ၆ နာရီမှာတော့ အသံမစဲ မေတ္တာပို့အောင်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။
အဲဒီနောက် မနက် ၇ နာရီမှာတော့ ပန်းပေါင်း ၈၄၀၀၀ ပါဝင်တဲ့ ပန်းစေတီငါးဆူ လှည့်လည်ကပ်လှူပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။ ဆက်လက်ပြီး မနက် ၉ နာရီခွဲမှာတော့ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း မှာ သီလခံယူဆောက်တည်တာ၊ ရေစက်သွန်းချ အမျှပေးဝေတာနဲ့ နေ့ဆွမ်းဆက်ကပ်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ရွှေတိဂုံစေတီတော်မှာ ဝါဆိုလပြည့်နေ့မှစတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နဲ့ ကြားရက် ဥပုသ်နေ့တွေမှာလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးတွေက ဘုရားဖူးလာပြည်သူတွေကို သီလပေးတရားတွေဟောကြားပေးနေတယ်လို့ သိရပါတယ်။