မြန်မာနိုင်ငံ အမြို့မြို့အနယ်မှာရှိတဲ့ ရခိုင်နွယ်ဖွား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သံဃာတော်တွေ ထပ်ဆင့်ဂုဏ်ပြုပွဲ(ဂုဏဝိသိဋ္ဌပူဇာ)ကို မတ်လ(၁၆)ရက်က ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ကျင်းပခဲ့ ပါတယ်။ အခမ်းအနားကို ရခိုင်ပြည်နယ်ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့နဲ့ ရခိုင်လူမှုအဖွဲ့ အစည်းတွေ၊ တခြားအလှူရှင်တွေ ပူးပေါင်းကျင်းပတာပါ။

အခုလို ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပလာတာဟာ (၃၈)ကြိမ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။အခမ်းအနားမှာ ရခိုင်ဗဟိုစည်းတော်တီးခတ်ပြီး သံဃာတော်တွေကို ပင့်ဆောင်ကာ ရခိုင်ပြည်နယ်ဓမ္မာရုံဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်းက အခမ်းအနားစာတမ်းနဲ့ ပူဇော်ပွဲကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် သာသနာတော်ဆိုင် ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတွေကို တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေက ဂုဏ်ပြုမှတ်တမ်းလွှာတွေ၊ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်မှာ နိုင်ငံတော်ကနေ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ် ချီးမြှင့်ခဲ့ရာမှာ ရခိုင်နွယ်ဖွားဆရာတော်သံဃာတော်(၁၉)ပါး၊ သီလရှင်ဆရာကြီး(၁)ပါးနဲ့ လူပုဂ္ဂိုလ်(၁)ဦးတို့ ရရှိခဲ့ပြီး အခုလို ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပကြတာလည်း ဖြစ်ပါတယ်။ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ချီးမြှင့်တဲ့အထဲမှာ ရခိုင်နွယ်ဖွား ဆရာတော်ကြီး(၂)ပါးဟာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။