ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်မှာ မတ်လ(၅) ရက် မနက် (၄)နာရီ(၃၆)မိနစ်၊ (၄)နာရီ (၅၄)မိနစ်နှင့် (၅)နာရီ မိနစ် (၂၀) အချိန်တွေမှာလှု ပ်ခတ်သွားတဲ့ မြေငလျှင်ကြောင့် စေတီအချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ကျက်သရေဆောင် စိမ်းမြကန်သာ သတ္တဌာနဘုရား မဟာဗောဓိလိုဏ်အတွင်းက မှန်တံခါးမကြီး ကွဲကျပြီး မှန်တွေမှာ အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပင်မစေတီကြီးရဲ့ ပတ်လည်အောက်ခြေမှာလည်း အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။အရှေ့ဘက်မုခ်ဦးစေတီ ၃ ဆူမှာ အောက်ခြေအက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး ၁၀၈ တောင်ဘုရား အရှေ့တောင်ခြမ်းနဲ့ အမတော်မမြစိမ်းနန်း အုတ်နံရံတွေလည်း ပြိုကျပျက်စီး သွားခဲ့ပါတယ်။ ဒါ့အပြင် ဂိုဒေါင်နံရံတွေလည်း ပွင့်ထွက်သွားတာ၊ စာတိုက်နောက်ပိုင်း အနည်းငယ် ပြိုကျပျက်စီးတာ၊ ဘောလုံး ကွင်း အုတ်တံတိုင်းပြိုကျပျက်စီးတာ၊ အမှတ်(၆)ရပ်ကွက်က နေအိမ်တစ်လုံးနဲ့ အမှတ်(၂)ရပ်ကွက်က စိန်ဟင်္သာ ဘုန်းတော်ကြီးကျောင်းတိုက် အုတ်တံတိုင်း ပေ ၁၀၀ နီးပါး ပြိုကျပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း မင်းဘူးမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် (၁၀)မိုင်ခန့်အကွာ ဗဟိုပြုပြီး ပြင်းအား (၃ ဒသမ ၈)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားသလို မတ်လ ၃ ရက်ကလည်း တိုက်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ ဗဟိုပြုပြီး ပြင်းအား (၄ ဒသမ ၅)အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်သွားသေးတယ်လို့ သိရပါတယ်၊၊