မန္တလေးငလျင်ကြီးကြောင့် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီးရဲ့ထီးတော်ရှိ စိန် ဖူးတော် မြေခပြီး ထိခိုက်ပျက်စီးတာတွေကို လုပ်အားပေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေနဲ့ ဝန်ထမ်းတွေ က ရှာဖွေတွေ့ရှိတဲ့ ရတနာပစ္စည်းတွေကို ဘုရားကြီးဂေါပကထံ ပြန်လည်အပ်နှံခဲ့တယ်လို့ နစက သတင်းထုတ် ပြန်ရေးအဖွဲ့က ဧပြီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေးငလျင်ကြီးကြောင့် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ မကိုဋ်တော်စောင်းသွားတာ၊ ရွှေသားထီးတော်ကြီး ရဲ့ အနောက်ဘက်စောင်းသွားတာ၊ စိန်ဖူးတော်မြေခတာတွေအပြင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံ ပါယ်တော်နမူတဲ့ ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီးရဲ့ အရပ်လေးမျက်နှာရှိ စမြင်တွေ တန်ဆောင်းနေရာတွေနဲ့ နေ ရာအချို့တို့မှာ ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ပြိုကျပျက်စီးသွားတာတွေကြောင့် မဟာမုနိဘုရားကြီးရဲ့ ရင်ပြင်တော်မှာ တပ်မတော်သားတွေနဲ့ ဘုရားကြီး ဂေါပကအဖွဲ့က တာဝန်ရှိတွေ ပူးပေါင်းပြီး စက်ယန္တရားတွေရဲ့ အကူအညီရယူကာ အပျက်အစီးတွေကို ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်စဉ် မတ်လ ၂၈ ရက်ကနေ ဧပြီ ၈ ရက်အထိ ကျောင်းတော်ကြီးရဲ့ အနောက်ဘက် ရင်ပြင်တော်ရှိ အဆောက်အဦ အပျက်အစီးတွေကြားကနေ အလေးချိန် ၂၀၇ ကျပ်သား၊ ၃ ပဲ၊ ၇ ရွေးရှိတဲ့ ရတနာပစ္စည်းမျိုးစုံ ၁၂၅၀ ကို တွေ့ရှိတဲ့အတွက် တာဝန်ရှိသူတွေက ဘုရားကြီးဂေါပကထံ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ မဟာမုနိဘုရားကြီးရဲ့ မကိုဋ်တော်၊ စိန်ဖူးတော်နဲ့ ရွှေသား ထီးတော် ကြီး တည့်မတ်ရေးလုပ်ငန်းတွေနဲ့ မဟာမုနိကျောင်းတော်ကြီး ပြုပြင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်နိုင် ရေးအပြင် သာသနိက အဆောက်အဦတွေ ပြုပြင်ရေးလုပ်ငန်းတွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။