အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာ မဟာဗောဓိစေတီကနေ အဖြောင့်အတိုင်း ၂ ကီလိုမီတာအကွာမှာ တည်ဆောက်နေဆဲဖြစ် တဲ့ အချိန်ပြည့်သဘာဝ တရားရိပ်သာမှာ လတ်တလော ဝါတွင်း(၃)လတာ ကာလအတွင်းမှာ တရားစခန်းပွဲတွေကို ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရက မိန့်ပါတယ်။
အဲဒီရိပ်သာကို ဗီယက်နမ် အလှူရှင်တွေရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ ထက်သန်တဲ့ ပံပိုးကူညီမှုတွေကို အကြောင်းခံကာ ဆရာတော်အရှင် ဥတ္တမသာရကိုယ်တိုင် ဦးစီးတည်ထောင်တာဖြစ်ပြီး ပြည်တွင်း ပြည်ပ ရိပ်သာပေါင်း ၁၀၀ ကျော် အနက် ကမ္ဘာ့ကုသိုလ်အင်အား အကောင်းဆုံးနေရာဖြစ်တဲ့ ဗုဒ္ဓဂယာ မြေမြတ်မဟာပေါ်မှာ အင်မတန် ခက်ခက်ခဲခဲ တည်ထောင်ရတဲ့ အထူးခြားဆုံး ရိပ်သာတစ်ခုဖြစ်တယ်လို့လည်း မိန့်ပါတယ်။

မြန်မာနိုင်ငံကသံဃာတော်၊ သီလရှင်၊ ယောကီစုစုပေါင်း(၁၅၀)လောက် အပါအဝင် အိန္ဒိယ၊ ဗီယက်နမ်၊ အမေရိ ကန်နဲ့ အနောက်နိုင်ငံတွေက တရားအားထုတ်မယ့်သူအများအပြားလည်း လာရောက်တရားအားထုတ်ကြဖို့ရှိသလို လာရောက်တရားအားထုတ်လိုသူမှန်သမျှကိုလည်း လက်ခံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဗုဒ္ဓဂယာ သဘာဝတရားရိပ်သာဟာ အိန္ဒိယ တစ်နိုင်ငံလုံးရှိ သဘာဝတရားရိပ်သာတွေရဲ့ ပင်မဌာနချုပ်တစ်ခု ဖြစ်လာမှာဖြစ်သလို တရားထိုင်၊ တရားရှုမှတ် ပွားများအားထုတ် နှလုံးသွင်းတာတွေသာမက ပညာရေး၊ ကျန်းမာ ရေး၊ စားဝတ်နေရေး၊ ကုသိုလ်အလုပ်တွေကို အိန္ဒိယ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ရေရှည်ပြုလုပ်သွားဖို့ ရည်ရွယ်တယ်လို့လည်း မိန့်ပါတယ်။