မြန်မာနိုင်ငံကို ဘုရားဖူးခရီးစဉ်အဖြစ် ကြွရောက်တော်မူပြီး နေပြည်တော်ရှိ KMA ဟိုတယ်မှာ ခေတ္တသီတင်းသုံး တော်မူနေတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိပတိဆရာတော်ကြီးဦးဆောင်တဲ့ဆရာတော်၊ သံဃာတော်အဖွဲ့ကို ဖေဖော် ဝါရီ ၄ ရက်၊ ညနေပိုင်းက နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေ သွားရောက်ဖူးမြော်ကြည်ညိုခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလို သွားရောက်ဖူးမြော်ချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ တွေ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်မှု စတာတွေကို လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိပတိဆရာတော်ကြီးကလည်း အခုလို လာရောက်ဖူးမြော်တဲ့အတွက် ဝမ်းမြောက်ပါ ကြောင်းနဲ့ မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေကြောင်း ဆုတောင်းစကားမိန့်ကြားပြီး မြန်မာနိုင်ငံအတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆရာတော်ကြီးကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးကလည်း ဗုဒ္ဓရုပ်ပွားတော်မြတ်နဲ့ ဓမ္မ လက်ဆောင်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိပတိဆရာတော်ကြီးဦးဆောင်တဲ့ ဆရာတော်၊ သံဃာတော်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂ ရက်က ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အဦတွေနဲ့ သာသနာတော်ဆိုင်ရာတွေ၊ ဖေဖော်ဝါရီ ၄ ရက်မှာ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်ခဲ့ကြပြီး တန်ခိုးကြီးဘုရားစေတီပုထိုးတွေကို ဆက်လက် ဖူးမြော်ကြည်ညိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။