ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ စက်တင်ဘာလ(၁၇)ရက် မနက်ပိုင်းက မြတ်စွာဘုရားရဲ့လျှာတော်ဓာတ်၊ သွေးတော်ဓာတ်၊ အသားတော်ဓာတ်နဲ့ ရဟန္တာဓာတ်တော်တွေကို ဘုရားအနေကဇာတင်လှူတာနဲ့ (PhD, MA , BA)ဘွဲ့တွေရယူနိုင်ဖို့ ပညာသင်ကြားနေတဲ့ နိုင်ငံတကာမှဗုဒ္ဓဘာသာရဟန်းသံဃာတော်အပါး(၇၅၀)ကို နေ့ဆွမ်းကပ်တာနဲ့ဆွမ်းဆန်းစိမ်းလောင်းလှူပွဲကြီးကိုကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်က အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ လက်ထောက်တပည့်ရင်း ဆရာတော် အသျှင်ကုမာရဦးဆောင်ပြီး ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံက အလှူရှင်တွေစုပေါင်းကာ အခုလိုကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။
အဲဒီအခမ်းအနားကို ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေကြွရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံကတာဝန်ရှိသူတွေ၊ အလှူရှင်တွေနဲ့ အနုပညာရှင်အချို့လည်း တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး အလိုတော်ပြည့်ဆရာတော်ကြီးနဲ့ ဆရာတော်အသျှင်ကုမာရတို့ရဲ့ ကွယ်လွန်သွားပြီးဖြစ်ကြတဲ့ ဖခမည်းတော်၊ မယ်တော်နဲ့ဆွေတော်မျိုးတော်တွေကိုရည်စူးပြီး အခုလိုလှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။