(၁၂၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်က ရရှိတဲ့ ဘဏ္ဍာငွေတွေဟာ ကျိုက္ကစံဆံတော်ရှင် စေတီတော် မြတ်ကြီး ရွှေသင်္ကန်း ကပ်လှူမယ့်အလှူငွေထဲကိုရောက်ရှိသွားမှာဖြစ်တယ်လို့ ကျိုက္ကစံ စေတီတော်ကြီးရဲ့ အလှည့်ကျသဘာပတိ ဦးခင်မောင်အေးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီးရဲ့ (၁၂၅)ကြိမ် မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ဖွင့်ပွဲနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲကို မေလ ၁၁ ရက် ကဆုန်လ ပြည့်နေ့ မနက်ပိုင်းက ကျင်းပပ်ခဲ့တာပါ။နှစ်စဉ် မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းပွဲပူဇော်ပြီး မနက်ခင်းမှာ ဩဝါဒါစရိယ ဆရာတော်ကြီး တွေက ဆံတော်ဓာတ်မြတ် ၇ ဆူဖြစ်တဲ့ ကျိုက္ကစံစေတီတော်မြတ်ကြီးကို အနေကဇာတင်လှူခဲ့တယ်လို့ ဝေယျာဝစ္စအကျိုးဆောင် ဦးဝင်းမောင်က ပြောပါတယ်။ကဆုန်လပြည့်နေ့ တစ်ရက်လုံး ဘုရားရင်ပြင်တော်မှာ အကျွေးအမွေးအလှူအတန်းတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကျိုက္ကစံစေတီတော်မြတ်ကြီးမှာရှိတဲ့ ဗောဓိညောင်ပင်မှာ ညောင်ရေသွန်းလောင်းလှူကြတဲ့ ဘုရားဖူးတွေက ညောင်ရေအိုးဖိုးအတွက် စေတနာရှိသလောက် ထည့်ဝင်လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း ဆိုတဲ့ ထူးခြားချက်လေးမျိုးနဲ့ ပြည့်စုံတာကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ အမွှန်းတင် ခေါ်ဆိုကြတာ ဖြစ်ပါတယ်။