နေပြည်တော် ပြည်ထောင်စုနယ်မြေထဲ က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဟာ မတ်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြုပြင်တာတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါ်ပကအဖွဲ့ကနေ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် စေတီတော်မြတ်ကြီးရဲ့ ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနဲ့ ပရိဝုဏ်အတွင်း ထိခိုက် ပျက်စီးမှုအချို့ ရှိခဲ့တာပါ။ ပြန်လည်ပြုပြင်တာကို မေလ(၈)ရက်ကစတင်ကာ မိုးမကျမီ အပြီးဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ စေတီမြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်ကိုတက်တဲ့ ဓာတ်လှေကားနှစ်စင်းကို အသစ်ဝယ်ယူတာ ဒါမှမဟုတ် ပြန်လည်ပြုပြင်တပ်ဆင်တာ လုပ်ဆောင်သွားမှာဖြစ်ပြီး ဓာတ်လှေကားကနေ ရင်ပြင်တော်ပေါ် သွားတဲ့ လျှောက်လမ်းတွေ နိမ့်ကျသွားတာကိုတော့ Structure အင်ဂျင်နီယာတွေနဲ့ ပြန်လည်ပြုပြင် ထိန်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးတာ မရှိခဲ့တဲ့ စေတီတော်လိုဏ်အတွင်းက ကွန်ကရစ်တိုင်တွေကိုလည်း မိုးရေယိုစိမ့်မှု မရှိစေဖို့ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။