မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ တစ်လပြည့်တဲ့နေ့ ဧပြီ၂၈ ရက်မှာ ငလျင်ကြီးဒဏ်ကြောင့် ကွယ်လွန်ခဲ့ရသူတွေ အတွက် အမျှပေးဝေပွဲကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်က စိတ္တသုခကျောင်းတိုက်မှာ ပြုလုပ်ပါတယ်။

အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသနဲ့ ပင့်ဖိတ်ထားတဲ့ ဆရာတော်၊ သံဃာတော်တွေ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။အခမ်းအနားမှာ သန်လျင်မင်းကျောင်းဆရာတော်ထံက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာ တော် အရှင်သူမြတ်တွေကို လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းပါတယ်။

အဲဒီနောက် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ထံက အနုမောဒနာနဲ့ ရေစက်ချတရား နာယူကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တွေ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူတဲ့ ပရိတ်တရားတော်မြတ်ကို နာယူကြကာ ငလျင်ကြီးဒဏ် ကြောင့် ကွယ်လွန်သွားသူတွေကို အမျှပေးဝေခဲ့ကြပါတယ်။မန္တလေးငလျင်ကြီးဒဏ်ကို ခံစားခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်(၆)ခုမှာ ဧပြီ ၂၇ ရက်အထိ သေဆုံးသူ ၃၇၆၉ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၆ ယောက်နဲ့ ပျောက်ဆုံးသူ ၁၀၇ ယောက် ရှိတယ်လို့ သိရပါတယ်။