ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဝါတွင်းကာလဖြစ်တဲ့ ဝါဆိုလပြည့်နေ့ကနေ သီတင်းကျွတ်လပြည့် နေ့အထိ ဗုဒ္ဓပူဇနိယပွဲတော်တွေ ကျင်းပသွားမယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
ဝါဆိုလပြည့်နေ့မှ စတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနဲ့ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား၊ မေတ္တာအခါတော်နေ့ အခမ်းအနားနဲ့ ပန်းပေါင်း ၈၄၀၀၀ ပူဇော်ပွဲ၊ ဂရုဓမ္မအခါတော်နေ့ အခမ်းအနား၊ သီတင်းကျွတ်မီးထွန်းပွဲတော် အခမ်းအနားနဲ့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားတွေကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝါတွင်းသုံးလ ကာလအတွင်းမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ အခါတော်နေ့ အခမ်းအနားတွေနဲ့ ဗုဒ္ဓပူဇနိယပွဲတော် တွေကို အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ရွှေတိဂုံစေတီတော်မှာ ဝါဆိုလပြည့်နေ့မှ စတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နဲ့ ကြားရက် ဥပုသ်နေ့တွေမှာလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် ကြီးတွေက ဘုရားဖူးလာပြည်သူတွေကို သီလပေးတရားတွေ ဟောကြားပေးသွားမယ်လို့ သိရပါတယ်။