နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်စာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ သာသနာ့ဂုဏ်ရည် ချမ်းသာကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညိဿရာဘိဝံသ မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ အခမ်းအနား ကို ဖေဖော်ဝါရီ(၁၅)ရက်၊ မွန်းလွဲပိုင်းက သာသနာ့ဂုဏ်ရည် ချမ်းသာကြီး ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရှေးဦးစွာ နိုင်ငံတော် ဩဝါဒါစရိယ၊ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဟင်္သာတမြို့နယ်၊ မိုးကောင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရ မဟာထေရ်ထံက တက်ရောက် လာကြတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နဲ့ တာဝန်ရှိသူတွေ ဧည့်ပရိသတ်တွေက ငါးပါး သီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။ဆက်လက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းတဲ့ စိန်ကတ္တီပါကို ဆရာတော်ကြီးရဲ့ ဥတုဇ ရုပ်ကလာပ်တော်ပေါ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် နဲ့ တာဝန်ရှိသူတွေက လွှမ်းခြုံ ပူဇော်ခဲ့ကြပါတယ်။

အဲဒီနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပေးပို့အပ်တဲ့ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ အဂ္ဂမဟာပဏ္ဍိတ၊ မိတ္ထီလာဆရာတော် ဘဒ္ဒန္တ ကောဝိဒ အရှင်သူမြတ်က ဖတ်ကြားလျှောက်ထားခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပေးပို့ ဆက်ကပ်တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးညွန့်အောင် ဖတ်ကြား ပူဇော်ခဲ့ ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တွေကို လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဒီနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ ထံက သံဝေဂ တရားတွေ နာကြားခဲ့ကြကာ ကောင်းမှုကုသိုလ် အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မင်္ဂလာဒုံမြို့နယ်၊ တောတိုက်စာသင်တိုက် ဘဒ္ဒန္တဝေပုလ္လက ပစ္ဆိဝန္ဒနာဂါထာတော်ကို လည်းကောင်း၊ အပြစ်ရှိက ခွင့်လွှတ်ဖို့ တောင်းပန်လျှောက်ထားတဲ့ ဂါထာကို နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မရမ်းကုန်းမြို့နယ်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရက လည်းကောင်း ရွတ်ဖတ်ပူဇော် တောင်းပန်ခဲ့ကာ အဘိယာစန နိမန္တရဂါထာနဲ့ မှော်ဘီမြို့နယ်၊ ရေကျော် ကျောင်းဆရာတော် ဘဒ္ဒန္တ အာတပ က တောင်းပန် လျှောက်ထားခဲ့ကာ အနိစ္စာဝတ သင်္ခါရ အစချီတဲ့ သံဝေဂဂါထာကို ရွတ်ဖတ်ပူဇော်ပြီး ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို လောင်တိုက်ပေါ်ကို ပင့်ဆောင်ခဲ့ကြပါတယ်။နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တပညိဿရာဘိဝံသ မဟာထေရ်မြတ်ဟာ ဖေဖော်ဝါရီ ၄ ရက်၊ မနက်ပိုင်းက သက်တော် (၉၀) နှစ်၊ သိက္ခာတော်(၇၀)ဝါမှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။