ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦကို ရှင်းလင်းရေးဆောင်ရွက် နေရာမှာ မေ ၂၆ ရက်က ငွေကျပ်သိန်း (၂၀၀၀)ကျော်နဲ့ဘဏ်စာအုပ်တွေ ထပ်မံတွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့အတူ ဖယ်ရှားရှင်းလင်းရေးတွေ ဆောင်ရွက်ရာမှာ (B)အဆောင် အခန်းအမှတ်(J 4)ကနေ ငွေကျပ် သိန်း(၁၄၀၀)ကျော်၊ (B)အဆောင် အခန်းအမှတ် (H 3)မှာရှိတဲ့ မီးခံသေတ္တာ အတွင်းကနေ ငွေကျပ်သိန်း(၄၅၀)၊ ဘဏ်စာအုပ်(၉)အုပ်၊ ATM ကတ်(၂) ခု၊ ရွှေလက်စွပ်(၂)ကွင်းတို့ကို တွေ့ရှိရ တဲ့အတွက် ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတစ်ဆင့် ပိုင်ရှင်ဖြစ်သူတွေထံ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် (B)အဆောင် အခန်းအမှတ် (I 3)ကနေလည်း ငွေကျပ် (၁၅၉) သိန်း၊ စမတ်ကတ် (၂) ခုကို တွေ့ရှိခဲ့တဲ့ အတွက် ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့က ပိုင်ရှင်ဖြစ်သူထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။လက်ရှိအချိန်ထိ မန္တလေးငလျင်ကြီးကြောင့် Sky Villa အဆောက်အဦ ပြိုကျပျက်စီးမှုမှာ အသက်ရှင်သူ ၅၂ ယောက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော် ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။