ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa ကွန်ဒို (B)အဆောင်မှာ မေလ ၂၇ ရက်က ဖယ်ရှားရှင်းလင်းရေးနဲ့ ကျန်ရှိ ရုပ်အလောင်းတွေ ထုတ်ယူနိုင်ရေး ဆောင်ရွက်နေချိန် တွေ့ရှိရတဲ့ ရွှေတုံးစုစုပေါင်း ၁ ပိဿာကျော်၊ လက်ဝတ်ရတနာတွေနဲ့ ငွေသားတွေကို ပိုင်ရှင်တွေဆီ အပ်နှံပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ၂၇ ရက်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယန္တရားတွေနဲ့အတူ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် Sky Villa ကွန်ဒို၊ (B)အဆောင်၊ အခန်းအမှတ် H-7 ကတွေ့ရှိခဲ့တဲ့ ငွေသားကျပ်သိန်း ၉၅၀ ကျော်၊ ရွှေတုံးစုစုပေါင်း ၁ ပိဿာ ၃၇ ကျပ်သား၊ ရွှေဆွဲကြိုး၊ ပလက်တီနမ်ဆွဲကြိုး၊ ဟန်းချိန်း၊ နားကပ်၊ ရွှေဆွဲသီး၊ ရွှေဆံညှပ်၊ ရွှေလက် ကောက်၊ ရွှေလက်စွပ်၊ ရွှေနားဆွဲတွေနဲ့ Car Owner Book ၁ ခု၊ အိမ်ထောင်စုဇယား ၁ ခု၊ အရောင်းအဝယ်စာချုပ် ၃ ခုတို့ကို ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတစ်ဆင့် ပိုင်ရှင်ဖြစ်သူထံ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

အခန်းအမှတ် H- 6 ကတွေ့ရှိခဲ့တဲ့ ရွှေလက်စွပ်၊ စိန်ဆွဲသီး၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးတွေနဲ့ ရွှေတုံး စုစုပေါင်း ၉ ကျပ်သား၊ တိုက်ခန်းအရောင်းအဝယ်စာချုပ်တို့ကိုလည်း ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတစ်ဆင့် ပိုင်ရှင်ဖြစ် သူထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် မေလ ၂၇ ရက်မှာ Sky Villa ကွန်ဒို (B)အဆောင်ကနေ အမျိုးသမီးရုပ်အလောင်း ၃ လောင်း ထပ်မံ တွေ့ရှိ ထုတ်ယူနိုင်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။