မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားရှိ ငလျင်ဒဏ်ထိ လေးထပ်တိုက် အဆောက်အအုံတစ်လုံးဟာ မေ ၂၈ ရက်၊ မနက် ၁၀ နာရီကျော်လောက်က ထပ်မံပြိုကျမှု ဖြစ်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အခုရက်ပိုင်း.အတွင်း မန္တလေးမြို့မှာ မိုးရွာသွန်းမှုများပြားပြီး မိုးရေကြောင့် ထပ်မံပြိုကျတာ ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ အဲဒီ အဆောက်အအုံ ပြိုကျမှုကြောင့် အနီးအနားရှိ အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရတာ ရှိပြီး သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အဖွဲ့အစည်းတွေက လာရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မန္တလေးတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်၊ ညပိုင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်းရှိ ငလျင်ဒဏ်ထိ သုံးထပ်ခွဲ တိုက် ထပ်မံပြိုကျလို့ အနီးပတ်ဝန်းကျင်ရှိ နေထိုင်သူတွေ နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။ ဒါ့အပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနဲ့ ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေ ဂူကျောင်းတိုက်ထဲက ငလျင်ရှောင်ယာယီတဲပေါ် သစ်ပင်ပြိုလဲပိလို့ သားအဖနှစ်ယောက် သေဆုံးခဲ့ပါသေးတယ်။