မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီ ရေဘေးရှောင် ကယ်ဆယ်ရေးခန်းတွေ ဖွင့်လှစ်ထားရပြီး ဇူလိုင်(၁၆)ရက်အထိ လူဦးရေ ၃၀၀ ကျော်ကို ပြောင်းရွှေ့ထားရတယ်လို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့က သိရပါတယ်။

ယာယီရေဘေးရှောင်တွေကို ရေမဝင်ရောက်နိုင်တဲ့ ကုန်းမြင့်ဒေသတွေဖြစ်တဲ့ သံကန်တန်း(၇)၊ ကျောက်ကုန်း၊ အောက်ကျောင်း စတဲ့ နေရာတွေမှာ ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတာပါ။ယာယီပြောင်းရွှေ့ထားတဲ့ ကျေးရွာတွေကတော့ မန်းကျိုး ကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာက အိမ်ထောင်စုပေါင်း (၁၂၁)စု၊ လူ(၃၂၁)ယောက်ကို ပြောင်းရွှေ့ထားပြီး ကျွဲ၊ နွား တိရစ္ဆာန်တွေကိုလည်း ရေဘေးလွတ်ရာကို ပြောင်းရွှေ့ နေရာချထားရတယ်လို့ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် မြစ်ရေ တိုးမြင့်ဝင်ရောက်လာတဲ့အတွက် စာသင်ကျောင်း (၆)ကျောင်းကိုလည်း ယာယီပိတ်ထားရပြီး မြစ်ရေပြန်ကျချိန်မှာ ပြန်လည်သင်ကြားနိုင်ဖို့အတွက် အစားထိုးရက်နဲ့ စာသင်ချိန်တွေ သတ်မှတ်ကာ သင်ကြား နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေက ရေဘေးသင့် အိမ်ထောင်စုတွေကို မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့က ဆန်ရိက္ခာဖိုးငွေတွေ ပေးအပ်ခဲ့တယ်လို့ လည်း သိရပါတယ်။