အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှုအကြိမ်ရေ ၆၀၀ ကျော်ရှိပြီး အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် လျော့နည်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။ပြီးခဲ့တဲ့ (၂၀၂၄) ခုနှစ် ဇန်နဝါရီလကနေ မေလအထိ (၅)လအတွင်း မီးလောင်မှု (၇၅၁)ကြိမ် ရှိခဲ့တာဖြစ်ပြီး အခုနှစ် (၅)လတာအတွင်းမှာ မီးလောင်မှု (၆၁၀)ကြိမ်သာ ရှိခဲ့တာပါ။

အခုနှစ် ငါးလအတွင်းမှာ မီးလောင်မှု အကြိမ်ရေ ၁၀၀ ကျော်လောက် လျောနည်းသွားသလို ဆုံးရှုံးမှု တန်းဖိုးလည်း လျော့ကျလာတယ်လို့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။ အရင်နှစ်က မီးလောင်မှုဖြစ်စဉ်တွေထဲမှာ လျှပ်စစ်မီး၊ မီးဖိုမီး နဲ့ ပေါ့ဆမီးကြောင့် ဖြစ်ပွားတာ များပြားခဲ့ပြီး အခုနှစ်မှာတော့ ပေါ့ဆမီးကြောင့် (၁၈၅) ကြိမ်၊ လျှပ်စစ်မီးကြောင့် (၁၆၃)ကြိမ် နဲ့ မီးဖိုမီးကြောင့် (၈၁)ကြိမ် အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မီးလောင်မှုတွေကြောင့် အိမ်ခြေအဆောက်အအုံ (၂၄၃၁) လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ (၄၉) ယောက် နဲ့ ဒဏ်ရာရသူ (၆၇) ယောက် ရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်းပေါင်း (၅၆၀၀) ကျော် ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်ရဲ့ ငါးလတာ စာရင်း ထုတ်ပြန်ချက်အရ သိရပါတယ်။