နိုင်ငံတော်အစိုးရအနေနဲ့ အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာတွေကို များများ ဖော်ဆောင်ပေးစေချင်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုး တိုး တက်ရေးအသင်း (MRPDA) ရဲ့ ဗဟိုဥက္ကဋ္ဌ ဦးနန္ဒကျော်က ပြောပါတယ်၊၊မတ် ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star Hotel မှာ ကျင်းပတဲ့ AML/CFT ဆိုင်ရာ အသိပညာ မြှင့်တင်ရေးဟောပြောပွဲ နဲ့ အိမ်ခြံမြေ အသိပညာပေးသင်တန်းရဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ၊၊

မြန်မာနိုင်ငံမှာ လူဦးရေတိုး တက်လာတာနဲ့အမျှ မြေယာက ထပ်မတိုးလာတဲ့အတွက် မြေယာတွေက ရှားပါးလာပြီး မြေယာစျေးနှုန်းတွေက မြှင့်တက်လာတာဖြစ်တယ်လို့ ဦးနန္ဒကျော်က ပြောပါတယ်၊၊ အဲ့ဒီလိုတန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာတွေကို များများ ဖော်ဆောင်ပေးလိုက်မယ်ဆိုရင် အခြေခံ လူတန်းစားတွေ အတွက် အခြေချဖို့ လက်လှမ်းမီလာမှာဖြစ်သလို မြေယာ စျေးနှုန်းတွေလည်း အသင့်အတင့် စျေးကျသွားနိုင်တယ် လို့ ဦးနန္ဒကျော်က ပြောပါတယ်၊၊ လက်ရှိ တစ်နိုင်ငံလုံး အိမ်ခြံမြေ စျေးကွက်အနေနဲ့လည်း အိမ်အရောင်းအဝယ်တွေက အေးနေပြီး အိမ်အဌား စျေးကွက်က ပိုပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်၊၊