မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး အစီရင်ခံအသစ်မှာ ဖော်ပြထားပါတယ်။ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး အသက်မွေးကျောင်းလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ပါတယ်။

အဲဒါကြောင့် လာမယ့်နှစ် မတ်လမှာ ကုန်ဆုံးမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း GDP ကို ၄ ရာခိုင်နှုန်းခန့် ထိခိုက်မှုရှိနိုင်ပြီး ဒါဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံနဲ့ ညီမျှ တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။အင်အားပြင်းငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုကြောင့် ငလျင်ဒဏ်ကို ဆိုးရွားစွာခံခဲ့ရတဲ့ ဒေသတွေမှာ အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ကုန်ထုတ်လုပ်မှု ၃ ပုံ တစ်ပုံခန့် လျော့ကျဖွယ်ရှိတယ်လို့ အစီရင်ခံစာက ဆိုပါ တယ်။ဒါပေမဲ့ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်နေတဲ့ အခြေအနေကြောင့် လာမယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ်မှာတော့ ကုန်ထုတ်လုပ်မှုတွေက ၃ ရာခိုင်နှုန်း တိုးတက်မှုရှိဖို့ ကမ္ဘာ့ဘဏ်က မျှော်မှန်းထားပါတယ်။

လာမယ့်နှစ်မှာ စီးပွားရေးလုပ်ငန်းတချို့ ပြန်လည် ဦးမော့လာနိုင်ပေမယ့် ငလျင်ဘေးသင့် အိမ်ထောင်စုတွေက တော့ စိန်ခေါ်မှု ရှိနိုင်သေးတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကနေ လုပ်သားရှားပါးလာတာကလည်း မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲ နွမ်းပါးမှုလျော့ချရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ငလျင်ဘေးကြောင့် နေပြည်တော် ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းဒေသကြီးမှာ ရှိတဲ့ ပြည်သူ ၁၇ သန်းခန့်အပေါ် ထိခိုက်မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။