ပြီးခဲ့တဲ့ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Great Wall Hotel မှာ လူမှုကွန်ရက်မှာ ပျံ့နှံ့ပြောဆိုနေသလို မူးယစ်ဆေးဝါးတွေ တွေ့တယ်ဆိုတာ မဟုတ်ဘူးလို့ အဲဒီ ဟိုတယ်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိုင်းကိုကိုက One News ကို ပြောပါတယ်။

ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် အဲဒီဟိုတယ်မှာ ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာလူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ တရုတ်နိုင်ငံက ရှန်းကျန့် စေတနာ့ ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရုရှားကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။လူမှုကွန်ရက်မှာ ပျံ့နှံ့နေသလို Great Wall ဟိုတယ်မှာ မသင်္ကာစရာကောင်းတဲ့ကိစ္စတွေ ဘာမှမတွေ့ရှိရဘူးလို့ ဦးရှိင်းကိုကိုက ပြောပါတယ်။ Great Wall Hotel မှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရမှာ ဧပြီလ(၉)ရက်အထိ အသက်ရှင်တဲ့သူ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးရုပ်အလောင်း(၅)လောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်မှာ ပျံ့နှံနေသလို Great Wal lဟိုတယ်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ခွင့်မပြုလို့ ရပ်ဆိုင်းထားရတယ်ဆိုတာ လုံးဝမဟုတ်မှန်ဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ငလျင်ကြီးလှုပ်ခတ်တဲ့ နေ့က စပြီး နေ့စဉ် လုပ်ဆောင်ခဲ့တယ်လို့လည်း ဦးရှိုင်းကိုကိုက ဆက်လက်ပြောပါတယ်။ အခုလက်ရှိမှာတော့ ရှာဖွေရေးကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဧပြီလ(၉)ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်း တွေအရ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ(၃၆၄၉)ယောက်၊ ဒဏ်ရာရရှိသူ(၅၀၁၈)ယောက်နဲ့ ပျောက်ဆုံးသူ(၁၄၅)ယောက်ရှိတယ်လို့ သိရပါတယ်။