နိုင်ငံသားတိုင်း မဲပေးနိုင်ဖို့အတွက် ပန်းခင်းစီမံချက်(၃)နဲ့ လူဦးရေ လေးသိန်းကျော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၃၁)ရက်အတွင်း ကိုင်ဆောင်ကတ်ပြားတွေ လျာထားဆောင်ရွက်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက သိရပါတယ်။

ကိုင်ဆောင်ကတ်ပြားတွေ ထုတ်ပေးတဲ့အခါ အရင် ပန်းခင်းစီမံချက်တွေမှာ ဆောင်ရွက်ဖို့ ကျန်နေတဲ့သူတွေ၊ အသက်(၁၈)နှစ် ပြည့်မယ့်သူတွေနဲ့ ကိုင်ဆောင်ကတ်ပြား မရှိတဲ့သူတွေ ပါဝင်မှာ ဖြစ်ပါတယ်။ပန်းခင်းစီမံချက် အဆင့်(၃)မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတာ၊ တိကျမှန်ကန်တဲ့ မဲစာရင်းပြုစုနိုင်ရေး ဆောင်ရွက်တာ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတာ၊ e-ID စနစ်နဲ့ မဲစာရင်း တိကျမှန်ကန်စေရေး ပြည်သူကို ထိရောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်တာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားသား ထိန်းသိမ်း ရေး လုပ်ငန်းတွေကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်တာ စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။

အိမ်ထောင်စုလူဦးရေ စာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးမှုကို ပန်းခင်းစီမံချက်တွေနဲ့ ဆောင်ရွက်ပေးနေရာ အခုအခါ ပန်းခင်းစီမံချက် အဆင့်(၃)အပါအဝင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့် ရသူ ကတ်ပြား စုစုပေါင်း ၉၁ သိန်းကျော် ထုတ်ပေးပြီး ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကနေ သိရပါတယ်။